စည်းမျဥ်းစည်းကမ်းများ ကို သေချာစွာဖတ်ရှုပြီး၍ သဘောတူလက်ခံပါသည်။
ULite Employee ငှားရမ်းဝယ်ယူခြင်း အစီအစဥ်၏ စည်းမျဥ်းစည်းကမ်းများ
ကျွန်ုပ်တို့သည် ဤစည်းမျဥ်းစည်းကမ်းများတွင် ဖော်ပြပါ အသုံးအနှုန်းများအား အပြန်အလှန် အသုံးပြုမည်ဖြစ်ပြီး အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်သည်။
- “ULite"/ “ကျွန်ုပ်တို့"/ "ကျွန်ုပ်တို့ကို”/ "ကျွန်ုပ်တို့၏" ဟူသောအသုံးအနှုန်းများဖြင့် ULite ဝန်ဆောင်မှုအား အပြန်အလှန် အသုံးပြုမည်။
- “ဝန်ထမ်း”/“ဝန်ဆောင်မှုအသုံးပြုသူ”/“သင်”/“လျှောက်ထားသူ”သည် ဝန်ဆောင်မှုအား အသုံးပြုသူအဖြစ် ကိုယ်စားပြုရာတွင် အပြန်အလှန်အသုံးပြုမည်။
- “ငှားရမ်းဝယ်ယူမှု အစီအစဥ်”/ “ULite Employee ငှားရမ်းဝယ်ယူမှုအစီအစဥ်”/ “အစီအစဥ်”သည် ငှားရမ်းဝယ်ယူခြင်း ပရိုဂရမ်အား ကိုယ်စားပြုသည်။
- “ပစ္စည်းများ”/ “ကုန်ပစ္စည်းများ” သည် ငှားရမ်းဝယ်ယူခြင်း အစီအစဥ်အောက်ရှိ ပစ္စည်းများအား ကိုယ်စားပြုသည်။
၁။ အရည်အချင်းပြည့်မီခြင်း
၁-၁။ ULite Employee ငှားရမ်းဝယ်ယူသည့် အစီအစဥ်သည် ULite မှမိတ်ဆက်ထားသည့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး တရားဝင်လုပ်ကိုင်နေသော ကုမ္ပဏီများ (သို့မဟုတ်) အဖွဲ့အစည်းများမှ အမြဲတမ်းဝန်ထမ်းများ အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသော ကုမ္ပဏီ(သို့မဟုတ်) အဖွဲ့အစည်းမှ ဝန်ထမ်းသည် အနည်းဆုံး လုပ်သက် ၆လ ဆက်တိုက် တာဝန်ထမ်းဆောင်ထားသော အမြဲတမ်းဝန်ထမ်း ဖြစ်ရမည်။
၁-၂။ ULite သည် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များကို ၎င်း၏ ဆုံးဖြတ်ချက်အတိုင်း ပြင်ဆင်ပိုင်ခွင့်ကို လက်ဝယ်ရှိပါသည်။
၂။ စာရင်းသွင်းခြင်း
၂-၁။ ULite မှမိတ်ဆက်ထားသော ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းမှ လုပ်သက်အနည်းဆုံး ၆လဆက်တိုက်ရှိသော အမြဲတမ်းဝန်ထမ်းတစ်ဦးချင်းစီသည် ULite Employee ငှားရမ်းဝယ်ယူခြင်း အစီအစဥ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီ၏ အမည်ကိုရွေးချယ်၍ အကောင့်စာရင်းသွင်းကာ ULite Employee အဖွဲ့ဝင်ဖြစ်လာမည် ဖြစ်သည်။
၂-၂။ ULite သည် ၎င်း၏ဆုံးဖြတ်ချက်အတိုင်း သင်၏ အဖွဲ့ဝင်အဖြစ်အကောင့်လျှောက်ထားခြင်းကို ငြင်းဆိုပိုင်ခွင့်ရှိသည်။
၂-၃။ အသုံးပြုသူသည် အဖွဲ့ဝင်အဖြစ် အတည်ပြုခြင်းခံထားရပြီးပါကလည်း ULite သည် အချိန်အခါမရွေး ၎င်း၏ဆုံးဖြတ်ချက်အတိုင်း အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။
၃။ အဖွဲ့ဝင်ခြင်း
၃-၁။ သင်၏ ULite အဖွဲ့ဝင်ခြင်းသည် အမြဲတည်ရှိနေမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ဖြင့် အဖွဲ့ဝင်အဖြစ်မှ အချိန်မရွေး ပယ်ဖျက်နိုင်မည်ဖြစ်သည်။
၃-၂။ သင်သည် ULite ငှားရမ်းဝယ်ယူခြင်းအစီအစဥ်မှ ပစ္စည်းများကို ၀ယ်ယူရန် ULite အဖွဲ့၀င်အကောင့်ကို အသုံးပြုပြီး လျှောက်ထားနိုင်သည်။ သင်၏လျှောက်လွှာကို ULite ၏ ဆုံးဖြတ်ချက်ဖြင့် သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းအပေါ် မူတည်မည်ဖြစ်သည်။
၃-၃။ သင်၏ ULite အကောင့်ကို သင်တစ်ယောက်တည်းသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူများနှင့် မျှဝေသုံးစွဲခွင့်မရှိပါ။ အကယ်၍ သင်၏အကောင့်အား အခြားသူတစ်ဦးမှ အသုံးပြုနေသည်ဟု သံသယရှိပါက ကျွန်ုပ်တို့အား ချက်ချင်းဆက်သွယ် အကြောင်းကြားပေးရန် လိုအပ်ပါသည်။
၃-၄။ သင်၏ ULite အဖွဲ့ဝင်အကောင့်အောက်ရှိ မှာယူမှုများ အားလုံးသည် သင်နှင့်သက်ဆိုင်သည်။
၄။ လျှောက်လွှာတင်ခြင်း လုပ်ငန်းစဥ်
၄-၁။ ငှားရမ်းဝယ်ယူခြင်း အစီအစဥ်အား လျှောက်ထားနိုင်ရန်အတွက် ဝန်ဆောင်မှုအသုံးပြုသူသည် အွန်လိုင်းလျှောက်လွှာကို တိကျစွာဖြည့်သွင်းပြီး လိုအပ်သည့် အချက်အလက်အားလုံးနှင့် စာရွက်စာတမ်းများကို ပေးဆောင်ရမည်ဖြစ်သည်။ တင်ပြသော အချက်အလက်များ မှန်ကန်မှုရှိစေရန်မှာ လျှောက်ထားသူ၏ တာဝန်သာဖြစ်သည်။
၄-၂။ ULite သည် ငှားရမ်းဝယ်ယူခြင်း လျှောက်ထားမှုကို အချက်အလက်မပြည့်စုံခြင်း သို့မဟုတ် ပြန်လည်ပေးဆပ်နိုင်ခြင်းစံနှုန်းများ ပြည့်မီမှုမရှိခြင်းအပါအဝင် အခြားသော မည်သည့်အကြောင်းအရင်းကြောင့်မဆို လျှောက်လွှာအား ငြင်းပယ်ပိုင်ခွင့်ရှိသည်။
၄-၃။ ကျွန်ုပ်တို့၏ ပစ္စည်းထောက်ပံ့သူများသည် ပစ္စည်းမရရှိနိုင်ပါက သင်၏လျှောက်ထားခြင်းအား ဆောင်ရွက်၍မရနိုင်သော အခြေအနေမျိုးတွင် သင့်အား အသိပေးအကြောင်းကြားမည်ဖြစ်ပြီး သင်လျှောက်ထားသော ပစ္စည်းနှင့်ဆင်တူသော အခြားကုန်ပစ္စည်းများအကြောင်း အချက်အလက်များကို ပေးပို့မည်ဖြစ်သည်။ အကယ်၍ ငှားရမ်းသူမှ အခြားကုန်ပစ္စည်းကို မရယူလိုပါက သို့မဟုတ် ပစ္စည်းထောက်ပံ့သူမှ အစားထိုးခြင်း မပြုလုပ်ပေးနိုင်ပါက ကျွန်ုပ်တို့ဘက်မှ ဝန်ဆောင်ခနှင့် ကနဦးပေးချေငွေပမာ (ရှိပါက) ပြန်အမ်းပေးမည်ဖြစ်သည်။ သင်သည် ကုန်ပစ္စည်းအတွက် သင်၏လျှောက်လွှာကို စီမံဆောင်ရွက်ရာတွင် ပစ္စည်းထောက်ပံ့သူ၏ လုပ်ဆောင်ချက်များ၊ ပျက်ကွက်မှုများ သို့မဟုတ် ကြန့်ကြာမှုများအတွက် ကျွန်ုပ်တို့ထံတွင် တာဝန်မရှိကြောင်း သဘောတူပါသည်။ ကုန်ပစ္စည်း သို့မဟုတ် အစားထိုးကုန်ပစ္စည်းအား ရရှိနိုင်မှုသည် ကျွန်ုပ်တို့၏တာဝန်နှင့် ထိန်းချုပ်မှုအတွင်း၌ မရှိကြောင်းနှင့် မူလတောင်းဆိုထားသည့် ကုန်ပစ္စည်း သို့မဟုတ် အစားထိုးပစ္စည်းကို ပေးဆောင်ရန် ကျွန်ုပ်တို့အား အတင်းအကြပ်ခိုင်းစေပိုင်ခွင့်မရှိပါ။
၄-၄။ ကုန်ပစ္စည်း၏ အာမခံချက်နှင့် ပတ်သက်သော ပြဿနာမှန်သမျှသည် ရောင်းချသူတစ်ဦးတည်း၏ တာဝန်သာဖြစ်ကြောင်း သိရှိပြီး ရောင်းချသူနှင့်သာ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်သည်။
၄-၅။ ULite သည် မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို ကုန်ပစ္စည်းများ၏ ကြံ့ခိုင်မှုတို့နှင့် စပ်လျဥ်း၍ ကိုယ်စားပြုခြင်း၊ အာမခံ သို့မဟုတ် အာမခံချက်အား ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် သွယ်ဝိုက်ဖော်ပြခြင်းတို့ ပြုလုပ်မည်မဟုတ်ပါ။ ကုန်ပစ္စည်းသည် မိမိ၏ အထူးလိုအပ်ချက်များ သို့မဟုတ် လိုအပ်ချက်များ သို့မဟုတ် ရည်ရွယ်အသုံးပြုရသည့်အချက်များနှင့် ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ရခြင်းမှာ သင်တစ်ဦးတည်းနှင့် သက်ဆိုင်သော တာဝန်သာဖြစ်သည်။
၅။ ငှားရမ်းဝယ်ယူခြင်း နည်းလမ်းများ
၅-၁။ ULite Employee ငှားရမ်းဝယ်ယူခြင်း အစီအစဥ်သည် ရွေးချယ်နိုင်သော ကနဦးပေးချေငွေ နှုန်းထားများနှင့် ငွေပေးချေမှုနည်းလမ်းများဖြင့် ကမ်းလှမ်းထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့အား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲခြင်းမျိုး လုပ်ဆောင်နိုင်သည်။ သို့သော် နောက်ကြောင်းပြန်ပြောင်းလဲမှုများ သို့မဟုတ် မွမ်းမံမှုများသည် သင့်အကောင့်တွင် လက်ရှိ အသက်ဝင်နေသော ငှားရမ်းဝယ်ယူခြင်းများနှင့် လုပ်ဆောင်လျက်ရှိသော ငှားရမ်းဝယ်ယူခြင်းများတွင် သက်ရောက်မည် မဟုတ်ပါ။
၅-၂။ ဝန်ဆောင်မှုအသုံးပြုသူသည် ရရှိနိုင်သော ငှားရမ်းဝယ်ယူခြင်း နည်းလမ်းများအား လျှောက်လွှာတင်ခြင်း လုပ်ငန်းစဥ် လုပ်ဆောင်နေစဥ်အတွင်း ရွေးချယ်နိုင်မည်ဖြစ်သည်။
၅-၃။ ULite Employee ငှားရမ်းဝယ်ယူခြင်း အစီအစဥ်တွင် ရရှိနိုင်သော ပစ္စည်းများကို ULite မှ သီးသန့်ရွေးချယ်ထားပါသည်။ ULite မှ ကြိုတင်သတိပေးချက်မရှိဘဲ ပစ္စည်းကမ်းလှမ်းမှုများကို အချိန်မရွေး မွမ်းမံခြင်းနှင့် ပြောင်းလဲရန်အခွင့်အရေးများ လက်ဝယ်ရှိသည်။
၆။ လစဥ်ကြေးပေးချေမှု သတ်မှတ်ချက်များ
၆-၁။ ဝန်ဆောင်မှုအသုံးပြုသူများသည် ရွေးချယ်ထားသော ငှားရမ်းဝယ်ယူခြင်း အစီအစဥ်အလျောက် လစဥ်ကြေးပေးချေမှုများအား ပြုလုပ်မည်ကို သဘောတူလက်ခံထားပါသည်။
၆-၂။ လစဥ်ကြေးပေးချေမှုနောက်ကျခဲ့ပါက ထပ်ဆောင်းအခကြေးငွေများ၊ ပြစ်ဒဏ်ကြေးများ၊ ငှားရမ်း၀ယ်ယူထားသောပစ္စည်း၏ လုပ်ဆောင်နိုင်စွမ်းများဆုံးရှုံးခြင်း၊ အများသူငှာကြေငြာချက်များနှင့် အာဏာပိုင်များထံ အစီရင်ခံခြင်း သို့မဟုတ် ULite မှ အချိန်အခါအားလျော်စွာ လုပ်ဆောင်နိုင်သော အခြားအရေးယူမှုများအထိ ရှိနိုင်သည်ဖြစ်ကြောင်း သင်သဘောတူလက်ခံထားပါသည်။
၇။ လစဥ်ကြေးပေးချေမှု
၇-၁။ လစဥ်ကြေးပေးချေမှုအား လျှောက်လွှာတင်ခြင်း လုပ်ဆောင်နေစဥ်အတွင်းတွင် ဝန်ဆောင်မှုအသုံးပြုသူများထံသို့ သိရှိစေမည်ဖြစ်သည်
၇-၂။ လစဥ်ကြေးပေးချေမှုသည် ပြန်လည်ပေးဆပ်နိုင်ခြင်းစံနှုန်းများ၊ ရွေးချယ်ခဲ့သော ပြန်ဆပ်အစီအစဥ်များနှင့် ULite ၏ ဆုံးဖြတ်ချက်အရ သတ်မှတ်ထားသည့် အခြားလိုအပ်ချက်များအပေါ် အခြေခံ၍ ပြောင်းလဲနိုင်ပါသည်။
၇-၃။ လစဥ်ကြေးပေးချေမှုသည် ULite မှ သတ်မှတ်ထားခြင်းဖြစ်ပြီး ဝန်ဆောင်မှုအသုံးပြုသူများသည် ထိုသတ်မှတ်ထားသော လစဥ်ကြေးပေးချေမှုအား အငြင်းပွားခြင်း သို့မဟုတ် ပြောင်းလဲရန် တောင်းဆိုခြင်းများ မပြုလုပ်နိုင်ပါ။
၈။ ငွေတောင်းခံခြင်းနှင့် ရှင်းတမ်းများ
၈-၁။ ဝန်ဆောင်မှု အသုံးပြုသူများသည် လက်ကျန်ပေးရန် ကျန်ရှိငွေများ၊ သတ်မှတ်ရက်စွဲများ၊ သက်ဆိုင်သည့် ကျသင့်ငွေများနှင့် အခြားသက်ဆိုင်သည့် အကြောင်းကြားချက်များအား ဖော်ပြထားသည့် ပုံမှန်ငွေပေးချေမှု ရှင်းတမ်းများကို ULite ဝက်ဘ်ဆိုက်၊ SMS သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ရရှိနိုင်ပါသည်။
၈-၂။ ဝန်ဆောင်မှုအသုံးပြုသူများသည် တိကျမှန်ကန်မှုအတွက် ရှင်းတမ်းများကို ပြန်လည်သုံးသပ်ရန်နှင့် ကွဲလွဲမှုများ ရှိပါက ထိုငွေပေးချေမှု ရှင်းတမ်းစာရင်း ထုတ်ပြန်သည့်ရက်မှ ၇ ရက်အတွင်း ULite သို့ အကြောင်းကြားရန် လိုအပ်ပါသည်။
၈-၃။ ငွေပေးချေမှုရှင်းတမ်း မရရှိစေကာမူ ဝန်ဆောင်မှု အသုံးပြုသူသည် ငှားရမ်းဝယ်ယူမှု သဘောတူညီချက်အရ လစဥ်ပြန်ဆပ်ငွေအား ပေးချေရမည်ဖြစ်သည်။
၉။ ငွေပေးချေရန် နောက်ကျခြင်း
၉-၁။ ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခဲ့ပါက ပျက်ကွက်သည့် ရက်အရေအတွက်ပေါ်မူတည်၍ နောက်ကျကြေးကို ဝန်ဆောာင်မှုအသုံးပြုသူမှ ပေးဆောင်ရမည်ဖြစ်သည်။ သတ်မှတ်နောက်ကျကြေးများမှာလည်း အခါအားလျော်စွာပြောင်းလဲနိုင်သည်။ ငွေပေးချေရန် နောက်ကျခြင်းသည် နောက်ကျကြေးငွေများ၊ ငှားရမ်းခနှုန်းများ မြင့်တက်ခြင်း၊ ငှားရမ်းဝယ်ယူထားသော ပစ္စည်း၏လုပ်ဆောင်ချက်အား အဝေးမှတစ်ဆင့် အသုံးပြုမှုရပ်ဆိုင်းခြင်းနှင့် ဝန်ဆောင်မှုအသုံးပြုသူ၏ ပြန်လည်ပေးဆပ်နိုင်မှု ရမှတ်အပေါ် အပျက်သဘောဆောင်ခြင်းတို့ သက်ရောက်စေနိုင်သည်။
၉-၂။ ULite သည် သတ်မှတ်ရက်ကျော်လွန်နေသော အကောင့်များထံမှ ပြန်လည်ရယူရေးဆောင်ရွက်မှုများကို စတင်ဆောင်ရွက်ရန် အခွင့်အရေးကို ပြုလုပ်နိုင်သည်။
၉-၃။ သင်၏ ငွေပေးချေရန်နောက်ကျနေခြင်း အကြောင်းအား ကျွန်ုပ်တို့သည်အများသူငှာ သတင်းစာနှင့် လူမှုကွန်ရက်တို့တွင် လူသိရှင်ကြား ကြေငြာနိုင်သည်ဖြစ်ကြောင်း သဘောတူလက်ခံပါသည်။
၉-၄။ ကျွန်ုပ်တို့၏ ပစ္စည်းအား ပြန်လည်သိမ်းဆည်းခြင်းနှင့် ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များထံသို့ သင့်အား တိုင်ကြားနိုင်သည်ဖြစ်ကြောင်း သဘောတူလက်ခံပါသည်။
၁၀။ ပြန်ဆပ်ငွေ စောစောပေးသွင်းခြင်း
၁၀-၁။ ဝန်ဆောင်မှုအသုံးပြုသူများသည် အပိုထပ်ဆောင်း အခကြေးငွေများပေးရန် မလိုအပ်ဘဲ ပြန်ဆပ်ငွေ စောစောပေးသွင်းခြင်းအား လုပ်ဆောင်နိုင်ပါသည်။
၁၀-၂။ ပြန်ဆပ်ငွေအား ကြိုတင်ပေးသွင်းခြင်းကြောင့် ပေးချေရမည့် စုစုပေါင်းလစဉ်ပေးချေမှုပမာဏအား လျော့ချပေးခြင်းမရှိပါ။
၁၀-၃။ ပြန်ဆပ်ငွေအား ကြိုတင်ပေးသွင်းခြင်းကြောင့် ဝန်ဆောင်ခအား ပြန်အမ်းမည်မဟုတ်ပါ။
၁၁။ ဖျက်သိမ်းခြင်း
၁၁-၁။ သင်၏ ULite အကောင့်အား ဖျက်သိမ်းခြင်း ပြုလုပ်ရန်အတွက် hello@ulite.com.mm မှတစ်ဆင့် တောင်းဆိုနိုင်သည်။
၁၁-၂။ သင်၏ ULite ငှားရမ်းဝယ်ယူခြင်း အစီအစဥ်အား ကျွန်ုပ်တို့၏ ကုန်သည်များထံတွင် ပစ္စည်းအား သွားရောက်ထုတ်ယူခြင်းမပြုလုပ်မီတွင် ဖျက်သိမ်းနိုင်ပါသည်။
၁၁-၃။ ပစ္စည်းအား သွားရောက်ထုတ်ယူခြင်း ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ ငှားရမ်းဝယ်ယူမှု အစီအစဥ်သည် စတင်အသက်ဝင်မည်ဖြစ်ပြီး မည်သည့်အကြောင်းကြောင့်မဆို ငှားရမ်းဝယ်ယူမှုအား ဖျက်သိမ်းခွင့်မရှိပါ။ ပစ္စည်းသည် စက်ရုံအမှားကြောင့် ချို့ယွင်းခဲ့ပါက ပစ္စည်းထောက်ပံ့သူသည် သတ်မှတ်ထားသော အာမခံသက်တမ်းကာလအတွင်းတွင် ၀န်ဆောင်မှုပေးမည်ဖြစ်သည်။
၁၁-၄။ သင့်တွင် လက်ရှိအသက်ဝင်နေသော ငှားရမ်းဝယ်ယူခြင်း နှင့်/သို့မဟုတ် သင့်အကောင့်တွင် ပေးရန်ကျန်ရှိငွေများရှိပါက ကျွန်ုပ်တို့သည် သင်၏ အကောင့်ဖျက်သိမ်းခြင်းတောင်းဆိုချက်အား ငြင်းပယ်မည်ဖြစ်သည်။
၁၁-၅။ ဖျက်သိမ်းခြင်းလုပ်ငန်းစဥ်တွင် လက်ရှိငှားရမ်းဝယ်ယူမှု ပြုလုပ်ထားသော မှာယူမှုသည် လုပ်ဆောင်နေဆဲ အဆင့်တွင်ရောက်ရှိနေပါက ပေးချေပြီးသော ဝန်ဆောင်ခကို ပြန်အမ်းမည်မဟုတ်ပါ။ သို့သော် စရန်ငွေအား ပြန်လည်အမ်းပေးသွားမည်ဖြစ်သည်။
၁၂။ ပစ္စည်းပိုင်ဆိုင်မှု
၁၂-၁။ ငှားရမ်းဝယ်ယူထားသော ပစ္စည်းအား ပိုင်ဆိုင်နိုင်ရန်အတွက် နောက်ဆုံးပေးသွင်းရမည့် လစဥ်ကြေးနှင့် ကျန်ရှိနေသော မြန်မာငွေ ၁၀၀ကျပ်နှင့် နောက်ကျကြေးအပါအဝင် အခြားပေးသွင်းရန် ကျန်ရှိနေသောပမာဏအား မပေးသွင်းရသေးမီအတွင်း ULite မှ ပစ္စည်းအလုံးစုံပိုင်ဆိုင်ကြောင်း ဝန်ဆောင်မှုအသုံးပြုသူနှင့် အာမခံသူတို့ သိရှိပြီးဖြစ်သည်။
၁၂-၂။ ငွေပေးချေမှုနောက်ကျခြင်း သို့မဟုတ် ပြန်ဆပ်ခြင်းမရှိပါက ULite သည် ပိုင်ဆိုင်ခွင့်အား ပြန်လည်သိမ်းဆည်းပိုင်ခွင့်နှင့် ပြန်လည်ရယူပိုင်ခွင့်ရှိသည်။
၁၂-၃။ ဝန်ဆောင်မှုအသုံးပြုသူသည် ULite ၏ရေးသားဖော်ပြထားသော သဘောတူညီချက်မပါရှိဘဲ ပစ္စည်းအား ပြန်လည်ငှားရမ်းခြင်း မပြုလုပ်နိုင်ပါ။ ဝန်ဆောင်မှုအသုံးပြုသူမှ ပြန်လည်ငှားရမ်းခြင်းမျိုးပြုလုပ်ပါက ULite သည် ပစ္စည်းအား ပြန်လည်သိမ်းဆည်းခြင်း၊ ပြန်လည်ရယူခြင်းနှင့် သဘောတူညီချက်ကိုရပ်စဲရန် မည်သည့်လုပ်ဆောင်ချက်ကိုမဆို လုပ်ဆောင်မည်ဖြစ်သည်။
၁၃။ အကောင့်ရပ်စဲခြင်းနှင့် ပြန်ဆပ်ရန် ပျက်ကွက်ခြင်း
၁၃-၁။ ပြန်ဆပ်ငွေ ပေးချေမှုမပြုလုပ်ခြင်း၊ မှားယွင်းသော သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေသော အချက်အလက်များဖြင့် လျှောက်ထားခြင်း သို့မဟုတ် ဤဖော်ပြပါ စည်းမျဥ်းစည်းကမ်းများအား ချိုးဖောက်ခြင်းများဖြစ်ပေါ်လာပါက ULite သည် ငှားရမ်းဝယ်ယူခြင်းဆိုင်ရာ သဘောတူညီချက်အား ရပ်စဲမည်ဖြစ်သည်။
၁၃-၂။ သဘောတူညီချက်အား ရပ်စဲပြီးနောက် ULite သည် ကျန်ရှိနေသော လစဥ်ကြေးငွေများအား ပြန်လည်ရရှိရန် ဥပဒေအတိုင်းလုပ်ဆောင်ချက်အပါအဝင် မည်သည့်လုပ်ဆောင်ချက်ကိုမဆို လုပ်ဆောင်မည်ဖြစ်ပြီး ငှားရမ်းဝယ်ယူထားသော ပစ္စည်းသည် Knox စနစ်ပါဝင်ပါက ၎င်း၏လုပ်ဆောင်ချက်အား အဝေးမှတစ်ဆင့် အသုံးပြုမှုရပ်ဆိုင်းရန်အတွက် အလိုအလျောက် ပိတ်လိုက်မည်ဖြစ်သည်။
၁၃-၃။ သဘောတူညီချက်အောက်တွင် သင်၏အကောင့်အား ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် လိမ်လည်အသုံးပြုနေသည်ဟု သံသယရှိပါက ကျွန်ုပ်တို့သည် သင်၏အကောင့်အား ရပ်စဲခွင့်ရှိပြီး ကျန်ရှိနေသော လစဉ်ကြေးအားလုံးကို ချက်ချင်းပေးချေရန် သင့်တွင် တာဝန်ရှိသည်။
၁၃-၄။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ဖြင့် သင့်အကောင့်ကို ရပ်စဲပြီး ဆိုင်းငံ့ပိုင်ခွင့်ရှိသည်။
၁၄။ မူဝါဒနှင့် လုံခြုံရေး
၁၄-၁။ ULite မှသုံးစွဲသူအချက်အလက်များကို သက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာ ဥပဒေများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ပါသည်။
၁၄-၂။ ULite တွင် အဖွဲ့ဝင်အဖြစ်လျှောက်ထားရာတွင် ကျွန်ုပ်တို့အားပေးထားသော အီးမေးလ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်သို့ အီလက်ထရွန်နစ်ဆက်သွယ်ရေး လုပ်ဆောင်ခြင်းကို သင့်အနေဖြင့် ခွင့်ပြုပါသည်။ ကျွန်ုပ်တို့သည် သင့်အား ULite အကောင့်အချက်အလက်များ၊ ငှားရမ်းဝယ်ယူခြင်း အချက်အလက်များ၊ လစဥ်ရှင်းတမ်းများ၊ သတိပေးချက်များ၊ ဤစည်းမျဥ်းစည်းကမ်း နှင့် ငှားရမ်းဝယ်ယူမှု သဘောတူညီချက် အောက်တွင်ရှိသော သို့မဟုတ် စပ်လျဥ်းသော အခြားလိုအပ်သော ဆက်သွယ်ခြင်းများ (စာရွက်ပုံစံဖြင့် ဥပဒေအရလိုအပ်သော ဆက်သွယ်ခြင်းများအပြင်) အတွက် အီးမေးလ် သို့မဟုတ် စာတိုများအား ပေးထားသော အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်အား ဆက်သွယ်ပေးပို့မည်ကို သဘောတူညီပါသည်။
၁၄-၃။ သင်၏ အမည်၊ လိပ်စာ၊ အီးမေးလ် နှင့် ဖုန်းနံပါတ်များ အပြောင်းအလဲများနှင့် နိုင်ငံခြားသို့ ရွေ့ပြောင်းနေထိုင်မှုမျိုးရှိုနိုင်ပါက ကျွန်ုပ်တို့အား ချက်ချင်း အသိပေး အကြောင်းကြားရမည်ဖြစ်သည်။ ထိုပြောင်းလဲမှုများအတွက် ကျွန်ုပ်တို့မှ အကျိုးအကြောင်းဆီလျော်စွာ တောင်းဆိုနိုင်သော အထောက်အထားတစ်ခုခု အား ပေးဆောင်နိုင်ရမည်။
၁၄-၄။ ဤစည်းမျဥ်းစည်းကမ်းများနှင့်စပ်လျဥ်း၍ သင်နှင့် ကျွန်ုပ်တို့ကြား ဆက်သွယ်မှု အားလုံးနှင့် ငှားရမ်းဝယ်ယူမှု သဘောတူညီချက်များသည် မြန်မာနှင့် အင်္ဂလိပ် နှစ်မျိုးလုံးဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာအကြား ကွာဟချက်များ သို့မဟုတ် အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပါက အင်္ဂလိပ်ဘာသာသည် အကျုံးဝင်ပါသည်။
၁၅။ ကိုယ်ရေးအချက်အလက်များ အသုံးပြုခြင်း
၁၅-၁။ ULite သည် ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူမှု သဘောတူညီချက်တွင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်ရန် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြု၍ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများအား ထောက်ပံ့ပေးနိုင်ရန်အတွက် သင်၏အချက်အလက်များအား ကျွန်ုပ်တို့၏ မိတ်ဖက်များ၊ ကုန်သည်များ၊ အခြားဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် မျှဝေပြီး အတည်ပြုနိုင်ပါသည်။
၁၅-၂။ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုအသုံးပြုသူ ခွဲခြမ်းစိတ်ဖြာမှု၊ ပြန်လည်ပေးဆပ်နိုင်စွမ်းအကဲဖြတ်မှု၊ စျေးကွက်ရှာဖွေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို လုပ်ဆောင်ရန် သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များအား စီမံဆောင်ရွက်ပါသည်။
၁၅-၃။ ကျွန်ုပ်တို့သည် သင်၏ဝန်ဆောင်မှု တောင်းဆိုချက်များအား လုပ်ဆောင်ရန်အတွက် ရွေးချယ်ထားသော မိတ်ဖက်ပါတနာများထံသို့ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လွှဲပြောင်းပေးခြင်း၊ နောက်ကျငွေပြန်ဆပ်ခြင်းနှင့် ပြန်ဆပ်ရန် ပျက်ကွက်ခြင်းတို့အတွက် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အာဏာပိုင်များထံ လွှဲပြောင်းခြင်းများ ပြုလုပ်နိုင်ပါသည်။
၁၆။ စည်းမျဥ်းများ ပြင်ဆင်ခြင်း
၁၆-၁။ ULite သည် ဝန်ဆောင်မှုအသုံးပြုသူများအား အကြောင်းကြားခြင်းမရှိဘဲ ဤစည်းမျဥ်းစည်းကမ်းများကို ၎င်း၏ဆုံးဖြတ်ချက်ဖြင့် အချိန်မရွေးပြင်ဆင်ရန် အခွင့်အရေး လက်ဝယ်ရှိသည်။
၁၆-၂။ ULite ငှားရမ်းဝယ်ယူခြင်း အစီအစဥ်တွင် ဆက်လက်ပါဝင်နေခြင်းသည် ပြင်ဆင်ထားသော စည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်သည်။
၁၇။ အဆင်မပြေမှုများ
၁၇-၁။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား တစ်စုံတစ်ရာကြောင့် မကျေနပ်မှုများ ရှိပါက hello@ulite.com.mm သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့မှ တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပါမည်။
၁၈။ တာဝန်
၁၈-၁။ ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက် များအောက်တွင်ရှိသော သင်၏ ရပိုင်ခွင့် သို့မဟုတ် တာဝန်များကို ကျွန်ုပ်တို့၏ ကြိုတင်ရေးသားထားသော သဘောတူညီချက်မပါဘဲ တစ်ဦးတစ်ယောက်သို့ လွှဲပြောင်းခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်းမပြုလုပ်နိုင်ပါ။ ကျွန်ုပ်တို့သည် ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်များ အောက်တွင်ရှိသော ကျွန်ုပ်တို့၏ ရပိုင်ခွင့် သို့မဟုတ် တာဝန်များကို သင့်အားအသိမပေးပဲ လွှဲပြောင်းခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်း ပြုလုပ်နိုင်သည်။ အဆိုပါ လွှဲပြောင်းမှုသည် ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်များ အောက်တွင်ရှိသော သင့်ရပိုင်ခွင့်များနှင့် တာဝန်များကို မပြောင်းလဲစေဘဲ ထိခိုက်ခြင်းမရှိပါ။
၁၉။ အုပ်ချုပ်ရေး ဥပဒေ
၁၉-၁။ ဤသဘောတူညီချက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။
၁၉-၂။ စာချုပ်နှင့်စပ်လျဉ်းသည့် သို့မဟုတ် ၎င်းမှ တစ်ဆင့်ဖြစ်သော အငြင်းပွားမှုများအား မြန်မာနိုင်ငံ၏ အခြေခံဥပဒေလိုက်နာ၍ မြန်မာနိုင်ငံ အငြင်းပွားမှု ဖြေရှင်းရေးစင်တာ (Myanmar Arbitration Centre) မှ အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေဖြင့် ဖြေရှင်းမည်ဖြစ်သည်။
၂၀။ အထွေထွေရေးရာ
၂၀-၁။ အတိအလင်း သို့မဟုတ် အဓိပ္ပါယ်သက်ရောက်စေရန် ရည်ရွယ်ခြင်းတို့ဖြင့် ဖော်ပြထားသော ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအားလုံးသည် ဤသဘောတူညီချက်ကို ရပ်စဲပြီးနောက် ဆက်လက်၍ အသက်ဝင်စေမည့် သက်ရောက်မှုသည် အပြည့်အဝရှိနေမည်။
၂၀-၂။ ဤ စည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်သည် ဖော်ပြထားခြင်းမရှိပါက ဥပဒေအရ အဓိပ္ပာယ်သက်ရောက်သော မည်သည့်ဝေါဟာရကိုမျှ ထိခိုက်ခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းမပြုပါ။
၂၀-၃။ အကယ်၍ ဤစည်းမျဥ်းစည်းကမ်များနှင့် ငှားရမ်းဝယ်ယူခြင်းသဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအား လိုက်နာခြင်းမရှိသည်ကိုတွေ့ရှိရပါက ၎င်းသည် ကျန်ရှိနေသောစည်းမျဥ်းစည်းကမ်းများ လိုက်နာနိုင်မှုအပေါ်တွင် သက်ရောက်မှုမရှိပါ။
ပရိုဂရမ်တွင် ပါဝင်ခြင်းဖြင့် ဝန်ဆောင်မှုအသုံးပြုသူများသည် ဤစည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်ကို လိုက်နာရန် သဘောတူညီသည်။ ULite သည် ဤနေရာတွင်ဖော်ပြထားသည့် စည်းမျဥ်းစည်းကမ်းများနှင့် ငှားရမ်းဝယ်ယူခြင်း သဘောတူညီချက်အား ဖောက်ဖျက်သည့် ဝန်ဆောင်မှုအသုံးပြုသူများအား သင့်လျော်သောဥပဒေဖြင့် အရေးယူပိုင်ခွင့်ကို အပြည့်အဝ လုပ်ဆောင်ပိုင်ခွင့်ရှိသည်။